ကြာဆေးဆိုတာ ဘာလဲ
ကြာဆေးဆိုတာ မသိသူ ကျော်သွား၊ သိသူ ဖော်စားဆိုသလိုပဲ၊ သိတဲ့သူတွေကြားထဲမှာတော့ တော်တော်လေး ပြောစမှတ်တွင်သလို၊ မကြာခဏလည်း သုံးတတ်ကြတဲ့ ဆေးတစ်မျိုးပါပဲ။ ဒီဆေးနဲ့ ပတ်သက်ပြီး အခုဆောင်းပါးမှာ သေချာရှင်းပြပေးသွားချင်ပါတယ်ခင်ဗျာ။
အရင်နှစ်ဆယ်ပေါင်းများစွာက ပန်းသေပန်းညှိုးရောဂါ ဖြစ်နေတဲ့၊ လိင်ပိုင်းဆိုင်ရာ ကောင်းစွာ မစွမ်းဆောင်နိုင်တဲ့ အမျိုးသားတွေအတွက် ရောဂါကို ကုသဖို့နဲ့ ထိန်းချုပ်ဖို့ ဆေးတွေထဲမှာ ပါဝင်ပါတယ်။ အရင်တုန်းကတော့ ဆရာဝန်ရဲ့ ဆေးစာနဲ့မှ ဝယ်လို့ရတဲ့ ဆေးဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ နီးစပ်ရာ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်သောက်လို့ ရနေပါပြီ။
ကြာဆေးရဲ့ အာနိသင်က ဘာတွေလဲ?
သူ့နာမည်အတိုင်း လိင်ဆက်ဆံတဲ့အခါ ပုံမှန်ထက် အချိန်ကြာရှည်အောင် သုက်ထိန်းပေးနိုင်တဲ့အပြင် လိင်အင်္ဂါအတွင်း သွေးစီးဆင်းမှုမြန်စေလို့ လိင်တံကို ကောင်းစွာ ထောင်မတ်နိုင်စေတယ်၊ အချိန်ကြာကြာ ထောင်မတ်မှုကို ထိန်းပေးထားနိုင်တယ်။ အားမာန်အပြည့်နဲ့ လိင်ဆက်ဆံနိုင်အောင် ကူညီပေးပါတယ်။ ဆေးတံဆိပ်ပေါ် မူတည်လို့ ကြာဆေးသောက်ပြီး ၁၅ မိနစ်ကနေ တစ်နာရီအတွင်း လိင်တံထောင်မတ်လာနိုင်ပါတယ်။
လူတိုင်း သောက်လို့ရလား?
အဓိကအားဖြင့် လိင်စွမ်းဆောင်ရည် အားနည်းတဲ့၊ လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ အမျိုးသားတိုင်း ဆရာဝန်ရဲ့ ဆေးစာနဲ့ဆိုရင် စိတ်ချပြီး သောက်လို့ရပါတယ်။ ယေဘုယျအားဖြင့် သွေးကြောဆိုင်ရာ၊ အာရုံကြောစနစ်ဆိုင်ရာ ကျန်းမာရေးပြဿနာမရှိသူတွေ၊ နှလုံးအားကောင်းသူတွေဆိုရင် ကြာဆေးကို စိတ်ချပြီး သောက်လို့ ရပါတယ်။
ကြာဆေးမှာ Side Effect တွေ ရှိလား?
ပုံမှန်အဖြစ်များတဲ့ Side Effect အနေနဲ့
- အရေပြား ပူလိုက်အေးလိုက်ဖြစ်တာ
- ခေါင်းကိုက်တာ
- ဗိုက်အောင့်ဗိုက်နာတာ
- နှာရည်ယို၊ နှာခေါင်းပိတ်တာ
- အမြင်အာရုံ မှုန်ဝါးလာတာ
- အလင်းကို ကောင်းကောင်းမကြည့်နိုင်တာ
- ခါးနာတာ
- ခေါင်းမူးဝေတာ စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
ပြင်းထန်တဲ့ အခြေအနေတွေမှာ
- အမြင်အာရုံ ဒါမှမဟုတ် အကြားအာရုံ ပျောက်သွားတာ
- လိင်တံထောင်မတ်မှု ပြန်မကျတော့တာ စတာတွေ ဖြစ်နိုင်ပါတယ်။
ဒီလက္ခဏာတွေကို ခံစားနေရပြီဆိုရင်တော့ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသပြီး အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။
ကြာဆေးနဲ့ ဘယ်ဆေးတွေကို တွဲပြီးမသောက်သင့်ဘူးလဲ?
သောက်ဆေးအနေနဲ့
- Nitrate Medication (ရင်ဘတ်အောင့်တာအတွက် သောက်ဆေး)
- Alpha Blockers (ဆီးကျိတ်ကြီးခြင်း ဒါမှမဟုတ် အမျိုးသား ထိပ်ပြောင်ခြင်းအတွက် ကုသဆေး)
- CYP3A4 စတဲ့ ဆေးတွေကို ကြာဆေးနဲ့ တွဲမသောက်သင့်ပါဘူး။
ကျန်းမာရေးပြဿနာအနေနဲ့
- သွေးပေါင်ကျနေတာ ဒါမှမဟုတ် သွေးတိုးနေတာ
- ပြင်းထန်တဲ့ အသည်းရောဂါ ရှိနေတာ
- ကျောက်ကပ်ဆေးဖို့ လိုအပ်တဲ့ ကျောက်ကပ်ရောဂါ ရှိနေတာ
- နှလုံး ဒါမှမဟုတ် သွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာ ခံစားနေရတာ
- ရုတ်တရက် တက်တတ်တာ
- မျက်ကြည်လွှာကို ထိခိုက်စေနိုင်တဲ့ အမြင်အာရုံဆိုင်ရာ ရောဂါရှိနေတာ ဆိုရင် ကြာဆေးကို ဆရာဝန်ရဲ့ ဆေးစာမပါဘဲ မသောက်သင့်ပါဘူး။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ကိုယ့်သဘောနဲ့ကိုယ် ကြာဆေးဝယ်သောက်လို့ ရပေမယ့် မလိုအပ်ဘဲ မသောက်ဖို့နဲ့ ကိုယ့်မှာ ကြာဆေးနဲ့ မတည့်တဲ့ တခြားပြဿနာတွေရှိ၊ မရှိကို ပုံမှန်ပြသနေကျ ဆရာဝန်နဲ့ အရင်ဆုံးကြိုတင်တိုင်ပင်မေးမြန်းထားသင့်ပါတယ်။
ရဲမျိုးမြတ်